ယခုအခါ မိတ္ထီလာမြို့မှ စတင်သော အုပ်စုလိုက်အကြမ်းဖက် လုယက်မှုများ သည် မြို့အတော်များများသို့ ဂယက်ရိုက်ခတ် လျက် ရှိသည်။
(၂၀. ၃. ၂၀၁၃) ရက်နေ့မှ စတင်ကာ မိတ္ထီလာမြို့ပေါ် အကြမ်းဖက်မီးလျှို့
လုယက်မှုများကြောင့် ပြည်သူ အများ အသက်အိုးအိမ်စည်းစိမ်များစွာ
ပျက်ဆီးဆုံးရှုံးခဲ့ရပြီး အချို့လည်း မိမိတို့ နေရပ်ရင်းများကို စွန့်ခွာ
ထွက်ပြေးနေကြရသည်။ ထို့ပြင် စာမေးပွဲများ စစ်ဆေးနေဆဲဖြစ်သော
မိတ္ထီလာမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်/သိပ္ပံ နှင့် ကျောင်းများကိုလည်း
ပိတ်ထားခဲ့ရသဖြင့် ကျောင်းသားကျောင်းသူများပါ စာမေးပွဲဖြေဆိုနိုင်ခြင်း
မရှိဘဲ များစွာထိခိုက်နစ်နာခဲ့ရသည်။
အကြမ်းဖက်မှုများ
စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ ဒေသဆိုင်ရာ
လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် ပြဿနာအပေါ် နိုင်နင်းစွာ
ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲ (၂၂. ၃. ၂၀၁၃)ရက်နေ့မှ စတင်ကာ
မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည်မြို့များကို
အရေးပေါ် ကြေညာထားခဲ့ရသည်။ သို့သော် ယခုအခါ အကြမ်းဖက်မှုများမှာ မန္တလေးတိုင်း
အတွင်းရှိ အခြားမြို့များသို့ပါ ကူးစက်ပြန့်နှံ့လာနေသည်။
လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ဒေသခံ
ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်ပွားခြင်းမျိုး
မဟုတ်ဘဲ မတည်မငြိမ်ဖြစ်ရန် စနစ်တကျ ကြိုတင်စီစဉ်မှုများဖြင့် အုပ်စုလိုက်
လှုပ်ရှားနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အဓိကပစ်မှတ်မှာ ဗလီများဖြစ်ပြီး
ဘာသာရေးအထိကရုဏ်းဖြစ်ပွားရန် ဖန်တီးနေခြင်းဖြစ်ကြောင်း ပြည်သူများက
ယုံကြည်နေကြသည်။
ကျွန်ုပ်တို့ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အနေဖြင့် မည်သည့် ဥပဒေမဲ့မတရားအကြမ်းဖက်မှုမျိုးကိုမဆို
ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက် ရှုတ်ချသည်။ နိုင်ငံအတွင်း မတည်မငြိမ်
အကြမ်းဖက်မှုများကြောင့် အများပြည်သူ တို့၏ အသက်အိုးအိမ်စည်းစိမ်များ
ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အပြင် လက်ရှိနိုင်ငံရေးဖြစ်စဉ်အား
ထိခိုက်လာနိုင်သည့်အတွက် မိဘပြည်သူ၊ ကျောင်းသားကျောင်းသူများအားလုံး
အထူးသတိရှိကြပါရန် နှင့် မည်သည့်အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်
ကန့်ကွက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
အကြမ်းမှုများ
မဖြစ်ပွားမီကပင် ဘာသာရေးအရ ပဋိပက္ခဖြစ်ပွားနိုင်သည့် လှုံ့ဆော်စာ
ဖြန့်ဝေခြင်းများကို ရမည်းသင်းမြို့ အပါအ၀င် မြို့အတော်များများတွင်
ပြုလုပ်လျက်ရှိသည်။ ထိုအထဲတွင် ကျောင်းသားတစ်ချို့ကိုပါ အသုံးချခြင်းများ
ရှိနေ သည့် အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် ဘာသာရေးအရ
ပဋိပက္ခဖြစ်ပွားစေသည့် လှုံ့ဆော်စာများကို လက်ခံ ရရှိ၍သော်လည်းကောင်း၊
မိမိကိုယ်တိုင်သော်လည်းကောင်း ဖြန့်ဝေခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းများ လုံးဝ
မပြုလုပ်ကြရန်နှင့် လက်ဝယ်ရှိနေပါက ချက်ချင်းဖျက်ဆီးပစ်ကြရန် ကျွန်ုပ်တို့
နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အလေးအနက် ထား ပန်ကြားလိုက်ရပါသည်။
--------------------------------------------------------------
နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရမည်းသင်းမြို့။
Ph: 09 49206078
Saturday, April 13, 2013
လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်မှုပဋိပက္ခများနှင့်ပတ်သက်၍ မိဘပြည်သူကျောင်းသား/သူများသို့ ပန်ကြားချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment