Friday, June 13, 2014

စစ်အစိုးရလက်ထက် ချမှတ်ခဲ့သော တင်းကျပ်သည့် ကျောင်းစည်းကမ်းများ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တစ်ကျော့ပြန် ကျင့်သုံးမည်

June 11, 2014

နည်းပညာတက္ကသိုလ်(ရမည်းသင်း)တွင် ဂျွန်လ (၉)ရက် နေ့စွဲဖြင့် ကျောင်းသားများ လိုက်နာရန် စည်းကမ်းချက်အသစ်များကို ဂျွန်လ (၁၀) )ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

ကြေညာချက်တွင် ၂၀၁၄ ခုနှစ်၊ မေလ၂၈ ရက် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၈/၂၀၁၄) သဘောတူ ဆုံးဖြတ်ချက်အရသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ အားလုံး ရှိ ကျောင်သားများ လိုက်နာရမည်ဟု ပါရှိသော်လည်း ကြေညာချက်အား နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်းအုပ်ကြီး မှ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ကြေညာချက်တွင် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုများအဖြစ် နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များ အပါအ၀င်၊ အကျင့်စာရိတ္တ ပျက်ပျားမှု ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ နှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို ထည့်သွင်းဖော်ပြ ထားသည်။

စည်းကမ်းချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များ အားလုံးသည် စစ်အစိုးရ လက်ထက်က ကျောင်းသား/သူများ ငြိမ်ဝပ်ပိပြားစေရန် ရည်ရွယ် ထုတ်ပြန်ခဲ့သည့် အမိန့်များ ဖြစ်နေပြီး ပြစ်ဒဏ်အများစုမှာလည်း ကျောင်းသားအား ကျောင်းမှထုတ်ပစ် မည်ဟု ပြင်းထန်စွာ သတိပေးထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ထို့ပြင် စည်းကမ်းချက်များနှင့် ပတ်သက် တာဝန်ရှိသူများမှ ကျောင်းသား/သူများ အား စာသင်ခန်းများ အတွင်း လိုက်လံ ရှင်းပြရာတွင် နံပါတ်(၁) အနေဖြင့် ကျောင်းသားများ နိုင်ငံရေးမလုပ်ရ၊ နိုင်ငံရေးလုပ်လျှင် ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ ကျောင်းမှ ရာသက်ပန် ထုတ်ပယ်ပစ်မည် ဟု အဓိကထား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။



ကြေညာချက်နှင့် ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အခြားသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ထုတ်ပြန်ခြင်း မရှိသေးဘဲ နည်းပညာတက္ကသိုလ်(ရမည်းသင်း)တွင် ပထမဦးဆုံး အနေဖြင့် စတင်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းပြန်ကြားရေး
နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ၊ ရမည်းသင်းမြို့။

ဆက်သွယ်ရန် -
ဖုန်း 09 31970140 , 09 420762213, 09 33555166