Sunday, December 29, 2013

တက္ကသိုလ်များဗဟိုကောင်စီ ဥပဒေကို ကန့်ကွက်ရခြင်း အကြောင်း

တက္ကသိုလ်များဗဟိုကောင်စီ ဖွဲ့စည်းမည့်ဥပဒေ ကို ဘာလို့ကန့်ကွက်ရတာလဲ
(၁)
ကျွန်တော်တို့ ဒီ တက္ကသိုလ်များဗဟိုကောင်စီဥပဒေ ကို ကန့်ကွက်တာဟာ ဥပဒေ ထဲက အချို့အချက်တွေ မကြိုက်လို့ ဆိုတာမျိုးမဟုတ်ဘဲ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းအုပ်ချုပ်မယ့်အရေး တစ်ခုလုံးကို ကန့်ကွက်တာ ဖြစ်တယ်။ တက္ကသိုလ်များဗဟိုကောင်စီကို ဖွဲ့စည်းတာဟာ ပညာရေးအပေါ် ဗဟိုချုပ်ကိုင်မှုစနစ် နဲ့ပဲ ဆက်ပြီး ချုပ်ကိုင်ခြယ်လှယ်ဖို့ ကြိုးစားတာပဲလို့ ကျွန်တော်တို့ မှတ်ယူပါတယ်။ ဗဟိုကောင်စီကို ဖွဲ့စည်းလိုက်ပြီဆိုတာ နဲ့ ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တက္ကသိုလ်များ(Autonomous Universities)တွေဆိုတာ ဖြစ်မလာနိုင်တော့ပါဘူး။ ကျွန်တော်တို့လိုချင်တာက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်ပိုင် တက္ကသိုလ်ကောင်စီရှိတဲ့ သီးခြားလွတ်လပ်တဲ့ တက္ကသိုလ်တွေ ပေါ်ပေါက် လာရေးပါ။ ဒီအတွက် ကျွန်တော်တို့ ဒီ ဗဟိုကောင်စီ ဖွဲ့စည်းမယ့်ဥပဒေ တစ်ခုလုံးကို ကန့်ကွက်တာဖြစ်တယ်။
(၂)
ဒီ ဥပဒေ ရေးဆွဲတဲ့နေရာမှာ အရေးကြီးတဲ့ (Stakeholders)တွေ မပါဘူး၊ ပညာရေး ပညာရှင်တွေ မပါဘူး၊ ဆရာ/မ တွေရဲ့ ဆန္ဒမပါဘူး၊ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ သဘောထားလည်း လုံးဝမပါ ပါဘူး။ ပညာရေးနဲ့ သက်ဆိုင်သူတွေ အားလုံးမပါဘဲ ပညာရေးဝန်ကြီးဌာနက ၎င်းတို့စိတ်တိုင်းကျ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တယ်။ ဒီလို ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်ကိုလည်း ကျွန်တော်တို့ ကန့်ကွက်ပါတယ်။
(၃)
ဒီ ဥပဒေအတွက် ဆန္ဒသဘောထား ကောက်ယူရာမှာလည်း လွတ်လပ်ပွင့်လင်းမှု မရှိဘူး။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ ကျေကျေလည်လည် ရှင်းပြတာမျိုး၊ ချပြတာမျိုး မရှိဘဲ ဆရာ၊ဆရာမတွေအပေါ် အထက်ရဲ့လုပ်ပိုင်ခွင့်ကို တလွဲသုံးပြီး ဖိအားပေးနေတဲ့ ပုံစံမျိုးလို့ ကျွန်တော် မြင်တယ်။ ဥပဒေတစ်ခုလုံးကို မမြင်ရဘဲ နည်းလမ်း(၄)သွယ် ထဲက နည်းလမ်း(၂)ကို ရွေးပါဆိုတာမျိုး လာလုပ်တယ်။ နောက်ပြီး ဒီ ဥပဒေနဲ့ ပတ်သက်လို့ ဆန့်ကျင်ဘက် အမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ယှဉ်ထိုး တင်ပြခွင့်မရဘူး။ တိတ်တခိုး အမြန်ကျိတ်ပြီး အတည်ပြု ဖို့ ကြိုးစားနေတဲ့ပုံစံပဲ။ ဒါကို ဘယ်လိုမှ လက်မခံနိုင်ဘူး။

ဗဟိုကောင်စီဖွဲ့စည်းလိုက်ရင် ပညာရေးဘက်က ဘယ်လိုမျိုးဆုံးရှုံးမှုတွေ ရှိနိုင်ပါသလဲ
(၁)
ပထမဆုံးအနေနဲ့တော့ တက္ကသိုလ်များရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟာ ထပ်မံ ဆုံးရှုံးသွားမှာဖြစ်တယ်။ ဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကင်းမဲ့သွားပြီဆိုတာနဲ့ အာဏာ ပိုင်တွေရဲ့ ပညာရေးအပေါ် ၀င်ရောက်စွက်ဖက်မှု နဲ့ ချုပ်ကိုင်ခြယ်လှယ် မှုတွေ ဖြစ် လာမယ်။ ဒီလိုဆို ပညာရေးလွတ်လပ်ခွင့်ဟာ မရှိနိုင်တော့ဘူး။ ပညာရေး လွတ်လပ်မှု မရှိရင် ဒီနိုင်ငံရဲ့ ပညာရေးစနစ် ပြန်လည်မြင့်မားလာဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
နှစ်(၅၀)ကျော် ပညာရေးအပေါ် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ အာဏာပိုင်တွေ ၀င်ရောက် စွက်ဖက်ချယ်လှယ်ခဲ့ရာ က ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်တစ်ခုလုံး ချွတ်ခြုံကျ ခဲ့တာကို သင်္ခန်းစာယူမယ်ဆိုရင်လည်း ပညာရေးလွတ်လပ်မှုမရှိရင် နိုင်ငံရဲ့ အနာဂါတ် ပညာရေး စနစ် ပြန်လည်မြင့်မားလာဖို့ အာမခံချက် လုံးဝ မရှိဘူးဆိုတာ နားလည်နိုင် ပါတယ်။ ဒီ ဗဟိုကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ မမျှော် လင့်နိုင်တဲ့ ပညာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမယ်ဆိုတာ ကျွန်တော် အတတ် ပြောရဲပါတယ်။
(၂)
ဒီဥပဒေ မူကြမ်းမှာ ကြည့်မယ်ဆိုရင်လည်း ပါမောက္ခချုပ်များက ကောင်စီရဲ့ (၇၅%) ပါမယ်လို့ ဆိုထားတယ်။ ဒီပါမောက္ခချုပ်တွေဆိုတာက သူတို့အလိုကျ အမိန့်နာခံ မယ့်သူတွေကို ခေါင်းခေါက်ရွေးချယ်ထားတာပဲ။ ကျွန်တော်တို့ ဒီပါမောက္ခချုပ်တွေကို အယုံအကြည်လည်း မရှိဘူး။ ပါမောက္ခချုပ်တွေ တော်တော်များများမှာ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပတ်သက်ပြီး ဘာအမြင်မှ မရှိကြပါဘူး။ အားလုံး လက်ညှိုးထောင် ခေါင်းငြိမ့်တွေချည့်ပဲ။ သူတို့ကြီးစိုးတဲ့ ပညာရေးဟာလည်း ဘယ်နည်းနဲ့မှ တိုးတက်လာမယ်လို့ ကျွန်တော်တို့ မယူဆလို့ ဒီကိစ္စကိုလည်း ကန့်ကွက်တယ်။

ဒီဥပဒေသာ အတည်ဖြစ်သွားမယ်ဆိုရင် ဘာဆက်လုပ်မှာလဲ

တက္ကသိုလ်များဗဟိုကောင်စီဥပဒေ အတည်မဖြစ်ရေးဟာ ကျွန်တော်တို့ရဲ့ လတ်တလော အရေးအကြီးဆုံးဖြစ်တယ်။ ဒီ ဥပဒေ အတည်မဖြစ်မှ ကျွန်တော်တို့ လိုချင်တဲ့ ပညာရေးစနစ်ပုံစံကို ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးနိုင်မှာ ဖြစ်တယ်။ ဒီဥပဒေကို တစ်နိုင်ငံလုံးက ဆရာ၊ဆရာမတွေရော ကျောင်းသားတွေရောကပါ မကြိုက်ကြပါဘူး။ ဒီတော့(ဘာလုပ်မယ်ဆိုတာတော့ ကြိုမပြောနိုင်တဲ့ကိစ္စပါ) တစ်နိုင်ငံလုံးက ကျွန်တော်တို့နဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေ၊ ပညာရှင်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ ညီနောင် ကျောင်းသားသမဂ္ဂ တွေရဲ့ စုစည်းညီညွတ်မှုကို ယူပြီး ဒီ ဥပဒေ အတည်မဖြစ်ရေးအတွက် အဆုံးသတ်တိုင်အောင် တိုက်ဖျက်သွားမယ် ဆိုတာပဲ ကျွန်တော် ပြောချင်ပါတယ်။

ဒီဥပဒေကြီးကို ဆရာ/ဆရာမတွေ မကြိုက်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာ တစ်ချို့ ဒီ ဥပဒေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတယ်။ ပညာရေးဝန်ကြီးဌာန ရဲ့ တက္ကသိုလ်များဗဟိုကောင်စီ ဥပဒေ ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ တည်ထောင်ဖို့၊ ဒီလို တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ရင် လက်ရှိ ၀န်ထမ်းတွေဘ၀ အာမခံချက်မရှိတော့ဘူး။ ဘေးလွင့်သွားရမယ် ဆိုတဲ့ပုံစံတွေ သူတို့ဘက်က ဖန်တီးနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့ Autonomous Universities တွေဟာ မကောင်းဘူး ဆိုတာမျိုး တလွဲ အတွေးဝင်သွားအောင် တမင်သက်သက် ဖန်တီးနေတယ်လို့ ယူဆတယ်။ အင်မတန်လည်း အန္တရာယ် ကြီး တယ်။ ဒီတော့ ပထမဆုံး ကျွန်တော်တို့ လုပ်မှာက ကျွန်တော်တို့ လိုချင်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ (Autonomous Universities) နဲ့ အစိုးရရဲ့ တက္ကသိုလ်များဗဟိုကောင်စီ ဥပဒေ ဘာမျှမဆိုင်ဘူးဆိုတာကို ရှင်းပြဖို့ပဲ။

အောင်ထက်နိုင်

(အတွင်းရေးမှူး)
နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရမည်းသင်းမြို့။
  (27/27/2013)

Tuesday, December 24, 2013

တက္ကသိုလ်များဗဟိုကောင်စီ ဖွဲ့စည်းရန်ဥပဒေ(မူကြမ်း)များအား ကန့်ကွက်ကြောင်းကြေညာခြင်း


ဒီဇင်ဘာ(၂၄)၊ ၂၀၁၃- ယနေ့ညနေ(၆)နာရီ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် များ အရေးပေါ် အစည်းအဝေးမှ တက္ကသိုလ်များဗဟိုကောင်စီ ဖွဲ့စည်းမည့်၊ ပညာရေးဝန်ကြီးဌာန၏ မူကြမ်းများကို ဆွေးနွေးကြရာ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းခြင်းသည် တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomous Universities)ရရှိရေးကို ဖျက်ဆီးခြင်း ဖြစ်သည့်အတွက်
ပြင်းထန်စွာ ၀ိုင်းဝန်းကန့်ကွက်သွားကြရန် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

ထို့ပြင် ဤဥပဒေမူကြမ်း ကန့်ကွက်ရေးနှင့်ပတ်သက်၍ ကျောင်းသားထု၏ စုစည်းမှုအားကို ရယူကာ နည်းလမ်းမျိုးစုံဖြင့် ၀ိုင်းဝန်းတိုက်ဖျက်သွားကြ ရန်လည်း သန္နိဋ္ဌာန် ချမှတ်လိုက်သည်။

အောင်ထက်နိုင်(အတွင်းရေးမှူး)
နည်းပညာတက္ကသိုလ်ကျောင်းသားမျာသမဂ္ဂ၊ ရမည်းသင်း။
Ph: 09 49206078; htetkyaw94@gmail.com; abfsu.yamethin@gmail.com